မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံ CRI အသံလွှင့်ဌာနတို့ ပူးပေါင်း၍ မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပမည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CRI အသံလွှင့်ဌာနတို့
ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာကဗျာ ရွတ်ဆိုပြိုင်ပွဲကို ကျင်းပသွားမည်
ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် အသက်အရွယ်နှင့် ပညာအရည်အချင်း
ကန့်သတ်ချက် မရှိ၊ ကဗျာခေါင်းစဉ် သတ်မှတ်ထားခြင်းမရှိ၊ မြန်မာ-တရုတ်
ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းရမည်ဖြစ်ပြီး နှစ်နိုင်ငံ
သဘာဝအလှအပများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရေးဖွဲ့စပ်ဆိုနိုင်သည်။
ကဗျာကို မြန်မာဘာသာဖြင့် ရေးဖွဲ့ရမည်ဖြစ်ပြီး သဒ္ဒါနှင့် စပ်ထုံးစပ်နည်း
မှန်ကန်စွာ ရေးဖွဲ့ရမည်။ စာလုံးရေ ကန့်သတ်ချက် မရှိဘဲ အခြားနိုင်ငံများကို
ထိခိုက်စေသော၊ နိုင်ငံရေးဆန်သည့် အရေးအသားများ မရှိစေရပါ။
ပြိုင်ပွဲဝင်သူများသည် ကလောင်အမည်၊ ကိုယ်ရေးအကျဉ်း၊ ပတ်စ်ပို့ဓာတ်ပုံ
နှစ်ပုံ ပေးပို့ရမည်ဖြစ်ပြီး ကွန်ပျူတာဖြင့်ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ
စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာ ရေးသား၍ မူရင်းနှင့် မိတ္တူ စာမူ နှစ်စောင်၊
ကိုယ်တိုင်ရေးသားသော စာမူဖြစ်ကြောင်း ကတိဝန်ခံချက်၊ ဆက်သွယ်ရန်
လိပ်စာအပြည့်အစုံ ဖော်ပြလျက် မြန်မာကဗျာ ရွတ်ဆိုပြိုင်ပွဲ ကျင်းပရေး
ကော်မတီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း)
သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်(ပြည်လမ်း)
သို့လည်းကောင်း Myanmar@cri.cn သို့ E-Mail ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ်
အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်သည်။ ပဏမရွေးချယ်ခံရသော
ကဗျာများကို ကြေညာပေးသွားမည်ဖြစ်ပြီး ရွေးချယ်ထားသော ကဗျာများ
ရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလကုန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
ပြိုင်ပွဲတွင် အထူးဆု နှစ်ဦး (တရုတ်ပြည် အလည်အပတ်ခရီး)၊ ပထမဆုတစ်ဦး၊
ဒုတိယဆုသုံးဦး၊ တတိယဆုငါးဦးနှင့် ကဗျာလက်ရာ ကောင်းဆုများကိုလည်း
ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိလိုပါက
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော် ဖုန်း-၀၆၇-၇၉၄၇၅ နှင့်
၀၆၇-၇၉၃၇၄ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ်
ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ