နိုင်ငံတကာ လေကြောင်းလိုင်းသစ် ငါးလိုင်း အောက်တိုဘာတွင် စတင်ပျံသန်းမည်...
မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန် တင်ပြထားသည့်
နိုင်ငံတကာလေကြောင်း လိုင်းသစ်များကို အောက်တိုဘာလမှ စတင်ကာ
ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ သိရသည်။ အဆိုပါ လေကြောင်းလိုင်းများမှာ တရုတ်၊ ကိုရီးယား၊
ဂျပန်၊ ဟောင်ကောင်နှင့် ကာတာနိုင်ငံ လေကြောင်းလိုင်းများဖြစ်ကြောင်း
သိရသည်။ “လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို လျှောက်ထားတဲ့
နိုင်ငံတကာ လေကြောင်းလိုင်းတွေကို စိစစ်ပြီး ခွင့်ပြုပေးလိုက်ပါပြီ” ဟု
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းမှာ တရုတ်(တိုင်ပေ) အခြေစိုက် EVA
Air Line လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်း (KAL)၊
ဂျပန်လေကြောင်းလိုင်းဖြစ်သည့် All Nippon Air Line လေကြောင်းလိုင်း၊
ကာတာလေကြောင်းလိုင်း ဖြစ်သည့် Quatar လေကြောင်းလိုင်း၊ ဟောင်ကောင်အခြေစိုက်
Dragon Air Line လေကြောင်းလိုင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ
လေကြောင်းလိုင်းများ အနေဖြင့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ စတင်ကာ
ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိမှာ စင်ကာပူအဲလိုင်းက ရန်ကုန်နဲ့
တိုက်ရိုက်ပျံသန်းဖို့အတွက် စုံစမ်းမေးမြန်းနေပါတယ်” ဟု ယင်းက ဆက်ပြောသည်။
ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းမည့် တရုတ်(တိုင်ပေ) လေကြောင်းလိုင်းမှာ
တစ်ပတ်လျှင် သုံးရက် ပျံသန်းပေးမည်ဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းမှာ
ရန်ကုန်နှင့် ကိုရီးယား(အင်ချွန်း) တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။
“အရင်တုန်းက ဟောင်ကောင် Express လေကြောင်းလိုင်းက ၂၀၀၈ ခုနှစ်မှာ
တိုက်ရိုက်ပျံသန်းခဲ့သေးတယ်။ အခုပျံသန်းမယ့်
ဟောင်ကောင်လေကြောင်းလိုင်းကတော့ လောလောဆယ် ညပိုင်းမှာ ပျံသန်းဖို့များတယ်”
ဟု ယင်းက ဆိုသည်။ အလားတူ ဂျပန်နိုင်ငံလေကြောင်းလိုင်း ဖြစ်သည့် All Nippon
Air Line မှ ရန်ကုန်နှင့် ဂျပန်(နာတာလီ) လေဆိပ်ကို
တိုက်ရိုက်ပျံသန်းမည်ဖြစ်ပြီး ကာတာလေကြောင်းလိုင်းမှ ရန်ကုန်-ကာတာ
(ဒိုဟာ)ကို တိုက်ရိုက် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင်
ဂျာမနီနိုင်ငံမှ လေကြောင်းလိုင်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
လေကြောင်းလိုင်းများမှလည်း ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်းလိုင်း
ပျံသန်းရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ
တင်သွင်းထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့်
တိုက်ရိုက်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်း ၁၄
လိုင်းရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)
ဂျာနယ်တွင် ဖော်ပြထားပါသည်။