ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုရန် မေတ္တာရပ်ခံ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို
ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ရာ သတင်းထောက်များ အနေဖြင့်
ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုကြရန်
သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးလှသိန်းက
ပြောကြားခဲ့သည်။ ယခင်အပတ်ထုတ် ဂျာနယ်တစ်စောင်တွင် ဂျီတီစီကျောင်းသားများ
တိုက်ခိုက်ခံရ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းမှာ ဖြစ်ရပ်မှန်နှင့်
လုံးဝကွဲလွဲပြီး မသိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု
မရှိသေးကြောင်း အထင်မှားစရာဖြစ်သလို တစ်ဖက်နှင့်တစ်ဖက်
ရန်လိုမုန်းတီးမှုများ ပြန်လည်ဖြစ်ပွားစေနိုင်ပြီး ဒေသတွင်း
တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားနိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း၊
ဖြစ်ရပ်မှန်မှာ ဂျီတီစီကျောင်းတွင် တာဝန်ကျနေသည့်
လုံခြုံရေးဝန်ထမ်းများနှင့် အရပ်သားများအကြား အထင်လွဲမှား ဖြစ်ပွားမှုသာ
ဖြစ်ကြောင်း၊ ကျောင်းသားများနှင့် အရပ်သားများ မည်သူမျှ
သက်ဆိုင်မှုမရှိကြောင်း၊ ထို့ကြောင့် ဂျီတီစီကျောင်းမှာလည်း
ပုံမှန်ဖွင့်လှစ်သင်ကြားကာ ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေကြကြောင်း
ပြောကြားခဲ့သည်။ ထို့အတူ စစ်တွေတက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင်ရန်
ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် ကျောင်းသားအချို့
ကျောင်းတက်ရောက်နိုင်ရန် အခက်အခဲရှိပါက ၄င်းတို့အား အဝေးသင်တက္ကသိုလ်သို့
ပြောင်းလဲသင်ကြားပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း
ပြောကြားခဲ့သည်။ အရေးအခင်းများ ဖြစ်ပွားခဲ့ရာ မောင်တော၊ ဘူးသီးတောင်၊
ရသေ့တောင်၊ စစ်တွေမြို့နယ်များရှိ အခြေခံပညာသင် ကျောင်းများအားလည်း
ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း
အဖွဲ့ခေါင်းဆောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ သတင်းမှားများ
ထုတ်ပြန်ခြင်းအတွက် ဒေသတည်ငြိမ်ရေးကို ထိခိုက်ပါက ဥပဒေနှင့်အညီ
တရားစွဲဆိုခံရနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးရှင်းလင်း ပြောကြားခဲ့ပြီး
ယခုအချိန်အထိ အရေးယူခြင်း မရှိသေးသော်လည်း သတင်းမှား ဖော်ပြခြင်းအတွက်
အမှားပြင်ဆင်ချက်နှင့် မှားယွင်းကြောင်း တောင်းပန်စာများကိုသာ ထည့်ရန်
သတိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံ
သတင်းထောက်တစ်ဦးက “ဂျာနယ်အချို့မှာ ဒေသခံ သတင်းထောက်တွေ ထားရှိပါတယ်။
တချို့လည်း အလွတ်တန်း သတင်း ရေးနေသူတွေ ရှိပါတယ်။ ဒေသသတင်းများကို
ရေးသားမယ်ဆိုရင် ဒေသခံ သတင်းထောက်တွေဆီက ပြန်လည်စုံစမ်းသင့်ပါတယ်။
အရပ်သတင်း၊ အရပ်စကားကြားရုံနှင့် ရန်ကုန်တိုက်ကနေပြီး
တိုက်ပိုင်သတင်းထောက်တွေက အမှားရေးတော့ ဒေသခံသတင်းထောက်တွေအပေါ်
အထင်သေးမှုတွေ ဖြစ်ပေါ်ပြီး ဌာနတွေနှင့် ဆက်ဆံရာမှာ အဖုအထစ်များ
ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁
ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ