Monday, December 10, 2012

ကွန်ပြူတာနှင့်မျက်စိ

မျက်စိမှာ အပြင်ကြွက်သား၊ အတွင်းကြွက်သား ဆိုပြီးရှိပါတယ် ။အပြင်ကြွက်သားခြောက်ခုက မျက်စိ လှုပ်ရှားမှု ကို ထိန်းထားပြီး မျက်စိကစားတိုင်း ညီညီညာညာ လှုပ်ရှား ပေးနေရတာ ဖြစ်ပါတယ်။ အဲဒီကြွက်သား တခု အားနည်းခြင်း ချို့ ယွင်းခြင်းများ ရှိနေပါက မျက်စိ လိုရာကို တည့်မတ်စွာ မကြည့် နိုင်တော့ပဲ မျက်စိ စွေစောင်းခြင်း ဖြစ်လာရပါတော့တယ်။
နောက်အတွင်း ကြွက်သားတခုကတော့ Ciliary Muscle လို့ ခေါ်တဲ့ မျက်စိအတွင်းမှန်ဘီလူးရဲ့  အခုံးကို လိုရင်လိုသလို ပြုပြင် နိုင်စွမ်းရှိတဲ့ကြွက် သားပါပဲ။ အနီး ကြည့် ရာက အဝေးကို လှမ်းကြည့်ခြင်း၊ အဝေး ကြည့်ရာက အနီး ကိုပြန်ကြည့် ခြင်းဆိုတဲ့ ( Accomodation )လို့ခေါ်တဲ့ မှန်ဘီလူးအခုံးကို ပြောင်းလဲ ရတဲ့ အလုပ်ကိုလုပ်ပေးတဲ့ Muscle ပါ။ Computer Screen ကစာလုံးသေးသေးတွေကို ပြတ်သားစွာ မြင်ရအောင်အား ပြုတဲ့ကြွက်သားပါ။ မျက်မှန်ပါဝါတပ်ဆင်ဖို့ လိုအပ်သူတွေဆိုရင် ဒီကြွက်သား အားပြုရတာ ပိုဆိုးပြီး မျက်စိကိုက်တာတို့၊ ဇက်ကြော တက်တာတို့ ဖြစ်လာတတ်ပါတယ်။ ဒီလို မျက်မှန်တပ်ဖို့  လိုတဲ့ သူတစ်ဦး က Computer Screen ကိုစာလုံးတွေ စိုက်ကြည့် မယ်ဆိုရင် ဒီဇက်ကြော တက်တာ ၊ မျက်စိ ညောင်းတာ၊ မျက်စိ ကိုက်တာတွေဟာ မျက်မှန်တပ်ဖို့မလိုသူတဦးထက် ပိုဆိုးစွာ ခံစားရတတ်ပါတယ်။
နောက်တခုက မျက်တောင်ခတ်ခြင်းပါပဲ။ ကွန်ပြူတာကြည့်နေတဲ့ကလေးတိုင်းဟာ အာရုံစိုက်ပြီး ကြည့် နေချိန်မှာ မျက်တောင် မခတ်ပဲ ကြာနေတတ်ပါတယ်။ မျက်တောင်ခတ်တယ်ဆိုတာ အရေးမကြီးလှဘူး ထင်ပေမဲ့ ကြာကြာမခတ်ပဲ နေရင် အရေးကြီးလာပါတော့တယ်။ လူတစ်ဦးဟာ သာမန်အားဖြင့် တစ်မိနစ်မှာ ၁၆ ကြိမ်ကနေ အကြိမ် ၂၀ အထိ ခတ်ပေးရပါတယ်။ အခုတော့ ကွန်ပြူတာကြည့်နေတဲ့ ကလေးဟာ တစ်မိနစ်မှာ ၆ ကြိမ်လောက်တောင် မခတ်ကြတော့
မျက်စိမျက်နှာပြင်ရဲ့ လိုအပ်တာတွေ ကြည်လင်အောင် မလုပ်ပေးနိုင်တော့ပါဘူး။ မျက်စိရဲ့ မျက်နှာပြင် အထူးသဖြင့် မျက်ကြည်လွှာဟာ ( Pre-Corneal Film ) လို့ ခေါ်တဲ့ မျက်ရည်လွှာလေးနဲ့ အမြဲစိုစွတ်နေရပါတယ်။ အဲဒီမျက်ရည်လွှာလေး ပုံမှန်ရှိနေဖို့  လူတစ်ဦးဟာ မျက်တောင် ခတ်ပေးရပါတယ်။ နောက်မျက်စိမျက်နှာပြင် ပေါ်က မြူမှုန်လောက် သေးတဲ့ အမှိုက် သရိုက်လေးတွေ ကိုလဲ ဖယ်ခွာပေးဖို့ မျက်တောင်ခတ်ပေးရတာပါ။ ဒီထက် အရေးကြီးတာ ကတော့ မျက်တောင် တချက်ခတ်လိုက်တိုင်း မျက်စိအာရုံဟာ တချက်နားလိုက်ရပြီး မျက်အမြင်အာရုံလွှာ System တစ်ခုလုံးကို ခေတ္တအနားပေးလိုက်ရသလို ဖြစ်လို့ ပါပဲ။ ကွန်ပြူတာ screen နဲ့ နစဓူဝ အလုပ် လုပ်နေ သူတွေ သတိထားဖို့ လိုပါတယ် ။ အများအားဖြင့် လေ့လာကြည့်တဲ့အခါ ကွန်ပြူတာနဲ့ ဆက်တိုက် အလုပ် လုပ်နေ သူတွေမှာ မျက်တောင်ခတ်နှုန်းဟာ တစ်မိနစ်မှာ ခြောက်ကြိမ် မှ ရှစ်ကြိမ် ခန့်သာရှိတဲ့ အတွက် မျက်စိ စိုစွတ်မှု အားနည်းပြီး မျက်စိကျိန်းစပ်ခြင်း၊ မျက်စိညောင်းညာခြင်းဖြစ်ရတာပါ။
အားလုံးခြုံ ပြောရရင်တော့ CVS လို့ ခေါ်တဲ့ Computer Vision Syndrome ဆိုတာ ကွန်ပြူတာကြည့် သူတွေမှာ မျက်စိရဲ့ အပြင်ကြွက်သား၊ အတွင်းကြွက်သား အာရုံစိုက်ရမှုများပြီး မျက်တောင်ခတ် နည်းတာကြောင့် ပေါ်လာရတဲ့ မျက်စိဝေဒနာ လို့ အမည်တပ်ချင်ပါတယ်။ Asthenopia လို့လည်း ခေါ်နိုင်ပါတယ်။
ဒါကြောင့် ကွန်ပြူတာ သုံးရတဲ့ လူကြီးလူငယ်တိုင်းကို အောက်ပါအတိုင်း ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ် -

(၁) ကွန်ပြူတာကြည့် သူတိုင်း မျက်စိညောင်းညာခြင်း၊ မျက်ရိုး ကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိ နီခြင်းရှိပါက မျက်မှန်တပ်ဆင်ဖို့ လိုမလို မျက်စိစမ်းသပ်ပါ။

(၂) မျက်မှန်တပ်ဆင်ရန် လိုသူများ မျက်မှန်တပ်၍သာ ကွန်ပြူတာကို အသုံးပြုကြပါ။ ( အသက်၄၀ ကျော်သူတိုင်း စာကြည့် မျက်မှန်အသုံးပြုပါ။ အသက် ၃၈ - ၄၀ အောက် လူငယ်များ အဝေးမျက်မှန် တပ်ဆင် အသုံးပြုရန်၊ အဝေးမျက်မှန် ပါဝါ မရှိပါက တပ်ဆင်ရန်မလိုပါ။)

(၃) အသက်အရွယ်ကြီး၍ ကွန်ပြူတာ သုံးရသူတိုင်း မျက်စိပူစပ်ပူလောင် ဖြစ်ပါက မျက်ရည် ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် မျက်ရည်တု မျက်စဉ်း ကိုအသုံးပြုပါ။

(၄) ကလေးလူကြီး မည်သူမဆို ကွန်ပြူတာကြည့် ၍ မျက်စိပူစပ်ပူလောင်ဖြစ်ခြင်း၊ ခိုးလို့ ခုလု ဖြစ်ခြင်း၊ မျက်စိနီခြင်း တို့ ဖြစ်ပါက မျက်စိကို ပွတ်တိုက်ခြင်းမပြုပဲ မျက်ရည်တု မျက်စဉ်းကို လေးကြိမ်မှ ခြောက်ကြိမ် အထိ ခတ်ကြည့်ပါ။ မသက်သာပါက နီးစပ်ရာ မျက်စိ ဆရာဝန်များနှင့် ပြသပါ။
အထက်ပါ အချက်အလက်များကို လိုက်နာ ဆောင်ရွက်ပါမှ ကွန်ပျူတာ သုံး၍ မျက်စိဝေဒနာ ခံစားရမှုမှ သက်သာရနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

Dr. ကံညွန့် ဆောင်းပါးမှပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ