မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုရာတွင်
ကောက်ခံသည့် အင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား
ဒေတာပမာဏဖြင့် ကောက်ခံခြင်းကို နိုဝင်ဘာလတွင် စတင်ကာ
ပြောင်းလဲကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ လက်ရှိအချိန်တွင်
အင်တာနက် အသုံးပြုခအနေဖြင့် ဂျီအက်စ်အမ် ဖုန်းများကို တစ်မိနစ်လျှင်
နှစ်ကျပ်ကောက်ခံခဲ့ပြီး WCDMA နှင့် CDMA 800MHz ဖုန်းများတွင်
တစ်မိနစ်လျှင် လေးကျပ် ကောက်ခံနေသည်။ “နိုဝင်ဘာလထဲမှာ Volume ဆွဲတဲ့ပေါ်မှာ
မူတည်ပြီး ကောက်ခံသွားမှာပါ။ Download Volume Rate နဲ့ ကောက်ခံဖို့
စီစဉ်နေပါတယ်။ 1 MByte အောက်ဆိုရင် ဈေးတစ်မျိုး၊ 100 MByte ဆိုရင်
ဈေးတစ်မျိုးနဲ့ ကောက်ခံမှာပါ။ အခုထိတော့ ဈေးနှုန်းက ညှိနှိုင်းနေဆဲပါ” ဟု
ဦးဌေးဝင်းက ပြောသည်။ နိုင်ငံတကာတွင်လည်း Volume နှင့်ပင်
ကောက်ခံလျက်ရှိပြီး နိုင်ငံတကာ ဈေးနှုန်းများနှင့် ညှိနှိုင်းပြီး
ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ မိုဘိုင်းအင်တ
ာနက်များကို အသုံးပြုခ ပြောင်းလဲကောက်ခံပြီး နောက်တွင် အသုံးပြုမှု
တိုးတက်လာပါက ရန်ကုန်ဧရိယာတွင် လိုင်းကြပ်ခြင်းမျိုး မဖြစ်စေရန်
ဌာနအနေဖြင့် စီမံချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုဘိုင်းဖြင့် အင်တာနက် အသုံးပြုမှု များလာသည်နှင့်အမျှ
အချို့မြို့နယ်များတွင် အင်တာနက်မြန်နှုန်းမှာ ညပိုင်းအချိန်များတွင်
အင်တာနက် နှေးကွေးနေကြောင်း သိရသည်။ “ကျွန်မက ဖုန်းနဲ့ ညဘက်တွေမှာ အင်တာနက်
သုံးလေ့ရှိပါတယ်။ ညဘက်တွေမှာက ကွန်နက်ရှင်က ကျတာများတယ်။ အကယ်၍ Download
Volume နဲ့ မူတည်ပြီး ကောက်မယ်ဆိုရင် အဆင်ပြေမယ် ထင်တယ်။ မိနစ်နဲ့ကောက်ရင်
အင်တာနက် နှေးနေရင် အဆင်မပြေဘူး” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့်
မသီတာက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ်
မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ