Facebook ကို လစဉ်အသုံးပြုသူ တစ်ဘီလီယံကျော် ရှိလာ
နာမည်ကျော် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သည့် Facebook တွင် log in ဝင်ရောက် အသုံးပြုသူသည် တစ်လလျှင် တစ်ဘီလီယံကျော်ရှိပြီး ၎င်းတို့မှာ သူငယ်ချင်းဟောင်းများကို ရှာဖွေခြင်း၊ ဓာတ်ပုံများ tag တွဲခြင်း
၊ နိုင်ငံရေး၊ ဘာသာရေးအပြင် မိသားစုနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို post တင်ကြ ကြောင်း သိရသည်။
အဆိုပါပမာဏသည် အသုံးပြုသူ သန်း ၅၀၀ ရှိခဲ့သည့် ၂၀၁၀ ခုနှစ် ဇူလိုင်လထက် နှစ်ဆပိုမိုခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းအင်တာနက်အသုံးပြုသူ ၂.၅ ဘီလီယံ၏ ထက်ဝက်နီးပါးရှိခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင် ရာဆက်သွယ်ရေးအဖွဲ့ (ITU) မှ ဖော်ပြခဲ့သည်။
Facebook အသုံးပြုသူ ၈၁ ရာခိုင်နှုန်းမှာ အမေရိကန်နှင့် ကနေဒါနိုင်ငံ ပြင်ပမှဖြစ်ပြီး အများစုမှာ Facebook ကို တစ်ကိုယ်ရေသုံး ကွန်ပျူတာများထက် မိုဘိုင်းထုတ်ကုန်များပေါ်မှသာ အသုံးပြုကြကြောင်း၊ လက်ရှိတွင် မိုဘိုင်းနှင့်အသုံးပြုသူ သန်း ၆၀၀ ရှိကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။
လက်ရှိတွင် Facebook ကို ချိတ်ဆက်အသုံးပြုသူများမှ ပျှမ်းမျှ အသက် ၂၂ ဝန်းကျင်ရှိ လူငယ်များဖြစ်ပြီး အများစုမှာ ဘရာဇီးလ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကစီကိုနှင့် အမေရိကန်နိုင်ငံတို့မှဖြစ်ကြောင်းသိရသည်။
Facebook တွင် ကာလကြာရှည်အသုံးပြုကြသူများမှာ ဆိုက်ပေါ်တွင် သူငယ်ချင်းများ ပိုမိုရရှိကြပြီး ၎င်းလူမှုရေးကွန်ရက်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင်အသုံးပြုသူတစ်ဦးတွင် ပျှမ်းမျှ သူငယ်ချင်းအရေအတွက် ၃၀၅ ဦး ရှိကြောင်း၊ Facebook အသုံးပြုသူ ၆ သန်းနီးပါးရှိခဲ့သည့်၂၀၀၅ ခုနှစ် ဒီဇင်ဘာလတွင် sign up လုပ်သူတစ်ဦးလျှင် ပျှမ်းမျှသူငယ်ချင်းအရေအတွက် ၆၀၀ နီးပါးရှိကြောင်း သိရသည်။
အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကလည်း ၎င်းနှင့် ၎င်း၏အဖွဲ့ငယ်တို့မှ သုံးစွဲသူများ လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် ဂုဏ်ယူကြောင်း၊ လူသန်းတစ်ထောင်ကို ချိတ်ဆက်ပေးရာတွင် အကူအညီ ပေးနိုင်ခြင်းမှာ မိမိ၏ဘဝတွင် ဂုဏ်ယူစရာအကောင်းဆုံးဖြစ်ကြောင်း Facebook စာမျက်နှာပေါ်မှတစ်ဆင့် ပြောကြားခဲ့သည်။

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ